Sunday, December 26, 2010

ကဗျာ ၅

တို့ရဲ့  အချစ်ခရီး
မြွေတစ်ကောင်လို
တွန့်လိုက် ကောက်လိုက် ဖြောင့်လိုက် လိမ်လိုက်
ဒီခရီးကြမ်းမှာ
မှောက်လဲလို့မသွားအောင်
တစ်ယောက်ကို တစ်ယောက် ဖေးမလို့
တွဲလက်တွေ ခိုင်ခိုင်မြဲစို့။
အားမငယ်နဲ့  ချစ်သူ
တို့ဘေးမှာလဲ ကြည့်လိုက်
သူတို့လဲ တို့လိုပါပဲ
ရွှေပုံပေါ်မွေး
ရွှေခွက်နဲ့ စားဘ၀ မဟုတ်တော့လည်း
ဒုက္ခကိုပွေ့ဖက်နမ်းရှုံ့ 
ဘ၀ဟာ တူသားပေသားကျခဲ့ပေါ့။
ချစ်သူတိုင်း မနီးသလို
နီးသူတိုင်း မချစ်ကြဘူး
ချစ်ပြီးနီးကြဖို့ ဒီခရီးမှာ
တစ်ချို့ ချစ်သူတွေကျ လက်မြှောက်အရှုံးပေး
တစ်ချို့ချစ်သူတွေကျ မှောက်ရက်လဲကျ
တစ်ချို့ချစ်သူတွေကျ အဖော်ကွဲလို တ၀ဲလည်လည်နဲ့
တစ်ချို့ချစ်သူတွေကျ ဒုက္ခနဲ့တွေ့တော့မှ
သံယောဇဉ်ခမ်း အပြတ်လမ်းတဲ့
တစ်ချို့ကျပြန်တော့ ဘယ်လောက်ခက်ခဲပါစေ
ကူညီဖေမရင်းနဲ့ ဘ၀နဲ့ရင်းနဲ့ဒီတိုက်ပွဲမှာ
ဒူမထောက်စတမ်းတဲ့။
ချစ်သူ  တို့တွေလဲ သူတို့လိုပဲ
ကြုံလာမယ့် ဒုက္ခတိုင်းမှာ
ယုံကြည်ချက်ကို ဦးတည်
နားလည်မှုကို ကိုင်စွဲ
သစ္စာနဲ့ ဒိုင်းကာလို့
မေတ္တာနဲ့ လမ်းဖောက်မယ်
လာခဲ့စမ်း ဒုက္ခ
အပြတ်တိုက်ထုတ်ကြမယ်
ဘယ်သူခွဲခွဲ မကွဲစတမ်း။
ယုံကြည်ထား ချစ်သူ
တစ်ချိန်မှာ တို့နှစ်ယောက်နီးရမယ်
ဒီလိုနဲ့ တရွေ့ ရွေ့ 
တစ်နေ့တစ်လံ ပုဂံဘယ်ရွှေ့  မလဲ။

No comments:

Post a Comment